Monday, July 5, 2010

အနာဂတ်အိမ်များ နည်းပညာတွင်းနေရတော့မည်

(အေအက်ဖ်ပီ)
ဇော်ဝင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၂)

အနောက်တိုင်းသား မျိုးဆက်သစ်တွေ ရဲ့ အနာဂတ်နေထိုင်မှုပုံစံဟာ အိုင်ပက် တစ်ခုထဲမှာ နေထိုင်ရသလိုဖြစ်လာ လိမ့်မယ်ဆိုတာ ပြီးခဲ့တဲ့သီတင်းပတ်က ပြင်သစ်နိုင်ငံပါရီမြို့က အဆောက်အအုံ ဒီဇိုင်းပြပွဲကြီးက ပြသလိုက်ပါတယ်။

ရေပိုက်ခေါင်းဖွင့်စရာ မလိုသလို အိမ်သာရေဆွဲချဖို့လည်းမလိုပါဘူး။ ခေတ်မီအာရုံခံကိရိယာလေးတွေက သူ့ဘာသာ အကုန်လုပ် သွားမှာပါ။ အိမ်သာဘိုထိုင်ကနွေးနေပြီး ခင်ဗျား ရေကို ဘယ်အနေအထားကြိုက်လဲဆို တာမှတ်ထားမယ်၊ နံရံတွေက ကွန်ပျူတာ မော်နီတာမျက်နှာပြင်လို ပုံရိပ်အမျိုးမျိုး ပြောင်းနေမယ်၊ ကိုယ်ကြိုက်တဲ့အရောင် နဲ့ ပုံရိပ်တွေကို လက်လေးနဲ့တို့ထိပြီး ပြောင်းလိုက် ရုံပဲ။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆို လူတွေက အနာဂတ်မှာအလုပ်တွေ အများကြီးနဲ့ ရှုပ်ယှက်ခတ်နေမယ်လို့ ထင်ထားကြတာ။ အခုတော့ အဲဒီလို မဟုတ်ပဲ လက်နဲ့တို့ထိလိုက်ရုံပါပဲ"လို့ ပါရီဒီဇိုင်းပညာရှင်များနေ့မှာ ပါဝင်တဲ့ ပညာရှင် ၂၇ ဦးထဲကတစ်ဦးဖြစ်သူ ဆုရဗိသုကာ ပညာရှင် ဗင်းဆင့်ဘာရူး ကပြောပါတယ်။

နောက်ဆယ်စုနှစ်အတွင်းမှာ အဆောက်အအုံတွေရဲ့ ပုံစံတွေအားလုံး သုံးဖက်မြင်လက်ထိခလုပ်စနစ်တွေဖြစ်သွားမှာဖြစ်ပြီး ဖြတ်သွား ဖြတ်လာတွေရဲ့ ဆက်သွယ်ရေးစံနစ်၊ ဒါမှမဟုတ် သဘာဝလေတိုက်မှုစတာတွေကြောင့် ပုံစံအမျိုးမျိုးပြောင်းလဲတဲ့စနစ်တွေဖြစ် သွားမယ်လို့ သူကပြောပါတယ်။

"နောက်ဆိုလူတွေက အလင်းရောင်ပြောင်းပြီးအသက်ဝင်တဲ့ အယ်လ်အီးဒီမီးလုံးတွေတပ်ဆင်ထားတဲ့ကြမ်းပြင်တွေပေါ် လမ်းလျှောက် ရတော့မှာ" လို့ သူက ဆိုတယ်။

"အိမ်တစ်လုံးစီမှာ သူတို့သုံးတဲ့ ရေတွေအားလုံးအလိုအလျောက်စနစ်နဲ့ ပြန်သုံးလို့ရလာမယ်။ ဒီတော့ သောက်ရေကလွဲရင် ရေသုံးစွဲလို့ ကုန်သွားတာမျိုး မရှိတော့ဘူး။ ရေကူးကန်ရှိတဲ့ လူတွေအတွက်အတိုင်းထက်အလွန်ပဲ" လို့ သူကပြောပါတယ်။

ခြောက်ရက်ကြာတဲ့ ဒီဇိုင်းပြပွဲမှာ ဘာရူးရဲ့ဗိသုကာရုံးခန်းက ၂၁၀၀ ပြည့်နှစ်အတွက် ရေချိုးခန်းအိမ်သာ ဒီဇိုင်း ၂၀ ကိုဖန်သားပြင် ပေါ်မှာပြသထားပါတယ်။

"ရေချိုးခန်းအိမ်သာတွေကအနာဂတ်မှာပိုအလေးထားလာမယ်လို့ ကျွန်တော်ယူဆပါတယ်။ ရေချိုးခန်းအိမ်သာတွေက အိမ်ရဲ့သာယာ မှုဖြစ်ပြီးအိမ်တစ်အိမ်မှာ လူတစ်ဦးတစ်ယောက်အတွက် တစ်ကိုယ်ရေအသုံး ကျဆုံးနေရာလေးပါပဲ"လို့ သူက အေအက်ဖ်ပီကို ပြော ပါတယ်။

သူ့ရဲ့စိတ်ကူးအိမ်သာလေးတွေက ကိုယ်ကိုသန့်စင်ဖို့အတွက် ရေကိုသုံးဖို့ထက် အသံလှိုင်းဖြစ်ဖြစ်သုံးမယ့်နူးညံ့တဲ့ ခွက်လေးတွေကို အသားပေးထားပြီး နံရံတွေကလည်း ပလာစမာတီဗီဖန်သား ပြင်ဆန်ဆန်ပဲ သစ်တောတွေနဲ့ သဲသောင်ပြင်တွေကို ဖန်တီးပေးနိုင်မယ့် လက်နဲ့အသာအယာထိရုံနဲ့ ပြောင်းပေးမယ့် နံရံမျိုးတွေပါ။

"ကျွန်တော်တို့မှာ ၂၂ ရာစုဖုန်းတွေ ရှိနေပါပြီ။ ဒါပေမယ့် ၁၉ ရာစုအိမ်တွေ ထဲမှာပဲနေနေပါသေးတယ်။ ဒါကြောင့် အမီလိုက်ဖို့အချိန် ကျပါပြီ"လို့ ဗိသုကာ ပညာရှင်တစ်ပိုင်းဖြစ်နေတဲ့ဒီဇိုင်းပညာရှင် ရာဆီးန်အိုက်ကာစီက ပြောပါတယ်။

သူ့ရဲ့အနာဂတ်ဖန်သားပြင် အိမ်လေးဟာလည်း ပါရီပြပွဲမှာ လူအများရဲ့ အာရုံကို ဖမ်းစားထားပါတယ်။ ဆန်းသစ်တဲ့ ဖန်သားနဲ့ပြုလုပ် ထားတဲ့ အဲဒီအိမ်လေးဟာ ၂၁ ရာစု လူသားတွေအတွက် ထူးခြားပါတယ်။

အရည်ပုံဆောင်ခဲတွေနဲ့ဖြည့်ထားတဲ့ သူ့ရဲ့ဖန်သားနံရံတွေဟာ အိမ်သာတံခါးကို လူမရှိချိန်မှာ ထွင်းဖောက်မြင်ရပြီး လူဝင်သွားတာနဲ့ မမြင်ရတော့ဘူး။ အလားတူပဲ ဆွေးနွေးပွဲကျင်းပတဲ့ အခန်းတွေက နံရံတွေအဖြစ် သုံးရာမှာ အစည်းအဝေးကျင်းပချိန်မှာ နံရံက မည်း သွားပြီး လူမရှိချိန်မှာတော့ မြင်သာအောင် ဖန်တီးထားပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ အိမ်လေးတွေကိုလည်း ပြပွဲမှာ အသားပေးလာပါတယ်။ အဲဒီမှာ ပီဗီစီ မျက်နှာကြက်တွေကို တပ်ဆင်တာက ပလာစတာမျက်နှာကြက်တွေထက်စာရင် အပူဒဏ်ပိုခံနိုင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

posted by Mg Maung @ 8:11 PM  

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home